Hi

စီရော်နယ်လ်ဒိုကို လက်လွှတ်မယ်ဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေထက် ပြည်ပကလပ်တစ်သင်းကိုသာ ရောင်းချဖို့ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းခွင့်ပြုဖို့တောင်းဆိုထားတဲ့ စီရော်နယ်လ်ဒိုရဲ့ ဆန္ဒကို လိုက်လျောသွားမယ့်အနေအထားရှိနေပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းဟောင်းယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ(၂၄)ဂိုးအထိသွင်းယူခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အတွက် စိတ်ပျက်နေတာဖြစ်သလို ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတစ်သင်းဆီပြောင်းလိုချင်နေတာဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုရဲ့လက်ရှိစာချုပ်က (၁)နှစ်သက်တမ်းကျန်ရှိနေတဲ့အပြင် အဲဒီစာချုပ်ပြည့်ရင် နောက်ထပ်(၁၂)လသက်တမ်းတိုးဖို့ သဘောတူညီချက်ပါဝင်ပေမယ့် စီရော်နယ်လ်ဒိုကတော့ အခုအပြောင်းအရွှေ့ကာလအတွင်း သူ့အတွက် သင့်တော်မယ့်ကမ်းလှမ်းမှုရရင် လက်ခံဖို့ ယူနိုက်တက်တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာပါ။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းတွေလုပ်ဖို့ ဒီနေ့မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းရမှာဖြစ်ပေမယ့် သူက မိသားစုကိစ္စအကြောင်းပြပြီး လေ့ကျင့်ခန်းဆင်းဖို့ပျက်ကွက်ခဲ့တာကြောင့် ယူနိုက်တက်ကနေ စီရော်နယ်လ်ဒိုထွက်ဖို့ သေချာနေပြီဆိုတဲ့ သတင်းတွေကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ နာမည်ကျော်အားကစားသတင်းဌာနဖြစ်တဲ့ ESPN က ယူနိုက်တက်အသင်းအနေနဲ့ တစ်ပတ်လစာပေါင်(၅၀၀,၀၀၀)အထိရရှိနေတဲ့ စီရော်နယ်လ်ဒိုကို ပြည်ပကလပ်တွေက ကမ်းလှမ်းမှုတွေရှိလာရင် လက်ခံသွားဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ စီရော်နယ်လ်ဒိုကို ဘိုင်ယန်မြူးနစ်၊ နာပိုလီ၊ ချယ်လ်ဆီးတို့က စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်အသင်းကတော့ လာမယ့်ရာသီကျရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်လာနိုင်တဲ့ ချယ်လ်ဆီးအသင်းဆီ စီရော်နယ်လ်ဒိုကို ရောင်းချမှာမဟုတ်တာကြောင့် ဘိုင်ယန်မြူးနစ်၊ နာပိုလီ ဒါမှမဟုတ် ပြည်ပကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့ရှိနေတာဖြစ်ပါတယ်။