
မက္ကဆီကို နာမည်ကျော်လက်ဝှေ့သမား ကာနယ်လ်လိုအယ်လ်ဗာရက်ဇ်ဟာ
မက်ဆီရဲ့ Account အတုမှာ တင်ထားတဲ့ ဓာတ်ပုံကြောင့် ဒေါသပေါက်ကွဲပြီး မက်ဆီကို ရိုင်းရိုးစိုင်းစိုင်း ဆဲဆိုခဲ့ပြန်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက မက္ကဆီကိုအသင်းကို (၂-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီး၊
အာဂျင်တီးနားအသင်းရဲ့ အဝတ်လဲခန်းထဲမှာ ကစားသမားတွေ အောင်ပွဲခံခဲ့ကြပြီး မက်ဆီဟာ
မက္ကဆီကိုအသင်းဂျာစီကို ခြေထောက်နဲ့လှမ်းကန်လိုက်တဲ့ ရုပ်သံဖိုင်က အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့သလို
အဲဒီဖြစ်ရပ်အတွက် အယ်လ်ဗာရက်ဇ်တစ်ယောက် မကျေမနပ်ဖြစ်ခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က ‘မက်ဆီဟာ ငါတို့လက်ရွေးစင်အသင်းဂျာစီနဲ့ အလံကို ကြမ်းတိုက်နေတာ ခင်ဗျားတို့မြင်လိုက်ကြလား။
ဒီကောင် ငါနဲ့မတွေ့အောင် ဘုရားမှာသာ ဆုတောင်းနေလိုက်တော့။
အာဂျင်တီးနားအသင်းကို ငါ လေးစားသလို၊ သူလည်း မက္ကဆီကိုအသင်းကို ပြန်လေးစားမှုရှိသင့်တယ်။
အာဂျင်တီးနားနိုင်ငံကို ရည်ရွယ်တာမဟုတ်ဘဲ မက်ဆီရဲ့ ေ-ာက်ချိုးမပြေတဲ့ အပြုအမူကိုပဲ ငါ ပြောချင်တာပါ’လို့ သူ့ရဲ့ Twitter မှာ Post တင်ခဲ့ပါတယ်။
အဲဒီပြဿနာအတွက် အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးဟောင်း အဂွဲဂိုးက အယ်လ်ဗာရက်ဇ်ကို နှစ်သိမ့်ဖျောင်းဖျခဲ့ပေမယ့် အယ်လ်ဗာရက်ဇ်က လက်မခံခဲ့ပါဘူး။
အခုလည်း မက်ဆီရဲ့ Account တု တစ်ခုက မက္ကဆီကိုဂျာစီကို သစ်သားတုတ်နဲ့ထိုးပြီးတော့
ကြမ်းတိုက်နေတဲ့ပုံကို Post တင်ခဲ့ပြီး အဲဒီဓာတ်ပုံကြောင့် အယ်လ်ဗာရက်ဇ် ဒေါသပေါက်ကွဲခဲ့ပြန်ပါတယ်။
အဲဒီဓာတ်ပုံဟာ မက်ဆီရဲ့တရားဝင် Accout က Post တင်တာ မဟုတ်မှန်း အယ်လ်ဗာရက်ဇ် သိပေမယ့် ဒေါသမထိန်းနိုင်ဘဲ ‘ခွေးမသား’ဆိုပြီးတော့ ဆဲခဲ့တာဖြစ်ပါတယ်။
အယ်လ်ဗာရက်ဇ်က သူ့ရဲ့ Twitter မှာ အဲဒီဓာတ်ပုံနဲ့အတူ ‘ ‘hdp,’ ဆိုပြီး Caption ရေးသားခဲ့ပါတယ်။
‘hdp’ဆိုတာက စပိန်လို ‘hijo de puta’ စကားရဲ့ အတိုကောက်ဖြစ်ပြီး အင်္ဂလိပ်အဓိပ္ပါယ်နဲ့ဆိုရင် ‘son of a b**ch’ လို့ အဓိပ္ပါယ်ရပါတယ်။
အယ်လ်ဗာရက်ဇ်တစ်ယောက်တော့ မက်ဆီကို လုံးဝမျက်မုန်းကျိုးနေပြီး အပြင်မှာသာ မက်ဆီနဲ့ တကယ်တွေ့ရင် သူပြောသလို လက်သီးနဲ့ ပြေးထိုးဖို့ရှိပါတယ်။